ရိုးရာပွဲတော်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုအထွန်းကားဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရှေးခေတ်မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးစသည်တို့ကို အခြေခံ၍ ပေါ်ပေါက်လာသော “ဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များ” ကို မြန်မာပြက္ခဒိန်ဖြင့် သတ်မှတ်လေ့ရှိသည်။ အဆိုပါပွဲတော်များသည် မြန်မာလူမျိုးတို့ နှစ်ပေါင်း (၁၀ဝဝ)နီးပါး အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများလည်း ဖြစ်သည်။ ယဉ်ကျေးမှုပွဲတော်များ ကျင်းပခြင်းဖြင့် စွယ်စုံပညာရှင်များ ပေါ်ထွန်းလာစေနိုင်ခြင်း၊ ဘာသာသာသနာထွန်းကားပြန့်ပွားလာစေခြင်း၊ နိုင်ငံတော် တိုးတက်သာယာစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။

တန်ခူးလ (မတ်/ဧပြီ)

တန်ခူးလသည် မြန်မာလများအနက် ပထမဦးဆုံးလဖြစ်ပြီး မတ်လနှင့် ဧပြီလတို့တွင် ကျရောက်လေ့ရှိပါသည်။ မြန်မာ့နှစ်သစ်ကူးပွဲတော် “သင်္ကြန်” အား တန်ခူးလတွင်ကျင်းပပြီး ပုံမှန်အားဖြင့် ဧပြီလ ၁၃ရက်နေ့ သို့မဟုတ် ယင်းနေ့ဝန်းကျင်တွင် ကျရောက်လေ့ရှိပါသည်။ သင်္ကြန်အား တကောင်းခေတ်မှ စတင်ကျင်းပခဲ့ပြီး ပုဂံမင်းဆက်တွင် ပိုမိုထင်ရှားလာခဲ့ပါသည်။ ရေသည် အေးမြခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ အညစ်အကြေးတို့ကိုသန့်ရှင်းစေနိုင်ခြင်းတို့ကို ကိုယ်စားပြုခြင်းကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများကိုစွန့်ပစ်ကာ နှစ်သစ်ကိုအေးမြခြင်း စိတ်ချမ်းမြေ့ခြင်းတို့နှင့်  ကြိုဆိုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး အတာရေပက်ဖျန်းကာ ကြိုဆိုလေ့ရှိကြသည်။  တန်ခူးလ၏ အထင်ရှားဆုံးသော ဝိသေသမှာ မြန်မာလူမျိုးတို့အတွက် သာမကဘဲ လူတိုင်းလူတိုင်း ပါဝင်ဆင်နွှဲနိုင်သည့် ကုသိုလ်ကောင်းမှု ပြုလုပ်သည့်ပွဲတော်ပင်ဖြစ်သည်။ ရေကစားခြင်းအပြင် နောက်ထပ်ထူးခြားသည့်အကြောင်းအရာမှာ ရှေးယခင်မှစတင်၍ ယခုအချိန်ထိ ပြုလုပ်လာခဲ့ကြသည့် လူကြီးသူမများအားတရော်(ကင်ပွန်း)ဖြင့် ခေါင်းလျှော် (ခေါင်းဆေးမင်္ဂလာ)ပြုလုပ်ပေးခြင်းနှင့် လက်သည်းခြေသည်း ညှပ်ပေးခြင်းဖြစ်ပါသည်။

 

ကဆုန်လ (ဧပြီ/မေ)

ကဆုန်လသည် မြန်မာလများတွင် ဒုတိယမြောက်လဖြစ်ပြီး ဧပြီလနှင့် မေလတွင် ကျရောက်လေ့ ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားသော လတစ်လလည်း ဖြစ်ပါသည်။ မြတ်စွာဘုရားဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ရ၍ ဘုရားဖြစ်တော်မူခြင်း နှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းစသည့် ထင်ရှားသောအဓိကရည်ရွယ်ချက်(၃)မျိုးဖြင့် ကဆုန်လပြည့်နေ့ကို အထင်ကရ ဆင်နွှဲလေ့ရှိကြပါသည်။ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးမြတ်သော နေ့ဖြစ်သဖြင့် “ဗုဒ္ဓနေ့” ဟူ၍လည်း ခေါ်ဆိုကြသည်။ နွေဥတု၏ နောက်ဆုံးလဖြစ်သဖြင့် အပူရှိန် ပိုမိုလွန်ကဲသော လတစ်လလည်း ဖြစ်သည်။ အဆိုပါနေ့တွင် ဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်း၍ ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲလေ့ရှိကြသည်။ ဗောဓိညောင်ပင်တွင် သဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်း အာရုံပြု၍ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သန့်ရှင်းသောရေစင်ဖြင့် သွန်းလောင်းကြခြင်း ဖြစ်သည်။

 

နယုန်လ (မေ/ဇွန်)

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်ပြီး မေလနှင့်ဇွန်လတို့တွင် ကျရောက်လေ့ရှိပါသည်။ ဒုတိယအင်းဝမင်းဆက် သာလွန်မင်းတရားကြီး ထီးနန်းစိုးစံစဉ်မှစပြီး သာသနာတော်ပြန့်ပွားရေး အထူးသဖြင့် ပရိယတ္တိသာသနာတော်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့်  စာပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော်အဖြစ် ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အစိုးရသည် ပါဠိပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယစာမေးပွဲများ၊ အဘိဓမ္မာစာမေးပွဲများ၊ ဝိသုဒ္ဓိမဂ္ဂစာမေးပွဲများ၊ တိပိဋကစာမေးပွဲများ အစရှိသည်တို့ကို ကျင်းပပေးလျက်ရှိပါသည်။  နှစ်စဉ် ထေရဝါဒ ဗုဒ္ဓသာသနာတော်တိုးတက်ပြန့်ပွားရေး အတွက်ဆောင်ရွက်နေကြသည့် ဆရာတော်ကြီးများနှင့် သီလရှင်ဆရာလေးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လျက်ရှိပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်မှ စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများအား မဟာသမယသုတ်ကို စတင်ဟောကြားသည့်နေ့ဖြစ်သောကြောင့် နယုန်လပြည့်နေ့ကို မဟာသမယနေ့ ဟု အထိမ်းအမှတ်ပြုထားပါသည်။

 

ဝါဆိုလ (ဇွန်/ဇူလိုင်)

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေအကုန် မိုးအကူးကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် ကျရောက်လေ့ရှိသည်။ ဝါဆိုလပြည့်နေ့သည် ထင်ရှားသောနေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရပြီး တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ် သို့ရောက်ရှိပြီး ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူ သောနေ့၊ တိတ္ထိသင်းကိုနှိမ်နင်း၍ တန်ခိုးပြဋိကာ ပြတော်မူသောနေ့တို့ဖြစ် ခြင်းကြောင့် ထူးမြတ်သောနေ့တစ်နေ့ ဖြစ်ပါသည်။

ဝါဆိုလ၏ ထူးခြားချက်မှာ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့် နေ့အထိ ရဟန်း၊ သံဃာတို့သည် သုံးလတိုင် မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုဘဲ စတင်ပြီး ဝါဆိုဝါကပ်ပြုတော်မူသောလဖြစ်သည်။

ဝါတွင်းကာလတွင်း ရဟန်းသံဃာတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်စသည့် ရဟန်းအလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း စသည့်အကျိုးများကို ရည်ရွယ်၍ ဝါဆိုလတွင် ထူးခြားမွန်မြတ်သည့် ကုသိုလ်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်တို့သည် ဝါဆိုလတွင်ဖူးပွင့်ကြသည့် ပန်းများဖြင့် ဘုရားစေတီများတွင်သွားရောက်လှူဒါန်းခြင်း၊ မိမိတို့ အိမ်ဘုရားတွင် ကပ်လှူပူဇော်ခြင်း စသည့်  ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါသည်။

ဝါခေါင်လ (ဇူလိုင်/ သြဂုတ်)

ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ ငါးလမြောက်ဖြစ်ပါသည်။ ဇူလိုင်နှင့် သြဂုတ်လတို့အတွင်း ကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများတွင် ရေများပြည့်လျှံနေလေ့ရှိသည့် မိုးဥတုဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းနေသုံးတော်မူစဉ် တပည့်ဒါယကာ ဒါယိကာမများမှ မိမိတို့သည် သံဃာတော်များအား ကျောင်းတော်တွင် ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ တစ်ချိန်တည်းတစ်ပြိုင်တည်း ဆက်ကပ်ရန် အခက်အခဲရှိနေကြောင်း လျှောက်ထားရာ ဘုရားရှင်သည် သံဃာတော်များ၏ ဘွဲ့အမည်များကို မဲတံများပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အားရွေးချယ်မဲနှိုက်စေပါသည်။

 

တော်သလင်းလ (သြဂုတ်-စက်တင်ဘာ)

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် (၆)လမြောက်သော သြဂုတ်လမှ စက်တင်ဘာလသည် တော်သလင်းလဖြစ်သည်။ ထိုကာလတွင် ကမ္ဘာမြေကြီးသည် နေနှင့်အနီးဆုံးဖြစ်သောအချိန်ဖြစ်ပြီး နေရောင်ခြည်သည်အီကွေတာပေါ်သို့ ကျရောက်သည့် (မြောက်လတ္တီကျု ၁၀ ဒီဂရီ နှင့် ၂၈.၃၂ ဒီဂရီ ကြား) အချိန်ဖြစ်သည်။ ထိုကြောင့် မိုးသားတိမ်လိပ်များသည် ရံဖန်ရန်ခါကင်းစင်သွားတတ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် နေသာသောနေ့များဆက်တိုက် ဖြစ်ပေါ်တတ်သောကြောင့် “တော်သလင်းနေ ပုစွန်သေ’’ ဟူသော ဆိုရိုးစကားလည်း ရှိသည်။ နေသာပြီး လေငြိမ်သောအချိန်ဖြစ်သောကြောင့် မြစ်ရေပြင်သည် အခြားသောအချိန်များနှင့်မတူဘဲ လှိုင်းလေငြိမ်သက်သော ကာလဖြစ်သည်။ ထို့ကြောင့် ရှေးမြန်မာဘုရင်များ လက်ထက်တွင် လှိုင်းလှေငြိမ်သက်ကာ ရာသီဥတုသာယာသောကြောင့် လှေသဘင်ပွဲကို ကျင်းပလေ့ ရှိကြသည်။ လှေသဘင်ပွဲ ကျင်းပနေချိန်တွင် ဘုရင်သည် “ပြည်ကြီးမွန်လှေတော်”ဟု အမည်တွင်သော တော်ဝင်လှေတော်ပေါ် မှတစ်ဆင့် အခြွေအရံများဖြင့် ရှုစားလေ့ ရှိခဲ့သည်။  လှေပြိုင်ပွဲကို ပျော်ပွဲရွှင်ပွဲအတွက်သာ ကျင်းပခြင်းမဟုတ်ဘဲ ဘုရင့်ရေတပ်မတော်၏ အရည်အချင်းများကို တိုးတက်စေရန်လည်း ရည်ရွယ်သည်။

 

သီတင်းကျွတ်လ (စက်တင်ဘာ / အောက်တိုဘာ)

မိုးရာသီကုန်ဆုံး၍ သာယာသော သီတင်းကျွတ်လသည် မြန်မာလများအနက် (၇)လမြောက်ဖြစ်ပြီး စက်တင်ဘာလ-အောက်တိုဘာလတွင် ကျရောက်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့သွားရောက်ကာ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္ဗာများအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားတော်မူပြီးနောက် လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြန်လည်ကြွချီတော်မူလာချိန်ဖြစ်ပါသည်။ နတ်တို့သနင်းသိကြားမင်းမှ ဘုရားရှင်အတွက် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများ ဖန်ဆင်းပူဇော်ပြီး ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လက်ယာဘက်ရွှေစောင်းတန်းမှ နတ်ဒေဝတာများ၊ လက်ဝဲဘက် ငွေစောင်းတန်းမှ ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်မှ ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ရဟန်းတော်များအတွက် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်း ဖိတ်ကြားခြင်း အမှုပြုကြသော ပဝါရဏာနေ့ ဖြစ်ပါသည်။ ထိုနေ့တွင် မိမိထက်အသက်ကြီးသူများနှင့် မိဘ၊ ဆရာသမားများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကို နာကြားကာ အပြစ်များရှိပါကလည်းကျေစေသည်ဟု ယူဆသော  ဓလေ့လည်းရှိသည်။

 

တန်ဆောင်မုန်းလ ( အောက်တိုဘာ/နိုဝင်ဘာ)

တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်၏ အဌမမြောက်လဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကျရောက်လေ့ရှိကာ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းကပ်လှုခြင်း၊ ပံ့သကူပစ်ခြင်း၊ ကြာပန်းများ ကပ်လှူခြင်း၊ ဆီမီးထွန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ ပြုလုပ်သည့် အချိန်လည်းဖြစ်ပါသည်။ သံဃာတော်များအတွက် ကထိန်(ကထိန) သင်္ကန်းကို ယခုကာလတွင် ကပ်လှူလေ့ရှိကြပြီး အများအားဖြင့် စုပေါင်းကပ်လှူလေ့ရှိကြပါသည်။ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရသောကြောင့် သင်္ကန်းအလှူများအားလုံးတွင် ကထိန်သင်္ကန်း ကပ်လှူခြင်းအား အမွန်မြတ်ဆုံးအလှူအဖြစ် သတ်မှတ်လေ့ရှိကြပါသည်။ တန်ဆောင်မုန်း လပြည့်နေ့ည သန်းခေါင်ယံအချိန်တွင် မဲဇလီဖူးသုပ်စားခြင်းသည် ဆေးဖက်ဝင်သည့် အယူအဆအလေ့အထ တစ်ရပ်လည်းရှိပါသည်။

 

နတ်တော် (နိုဝင်ဘာ/ ဒီဇင်ဘာ)

မြန်မာလများအနက် (၉)လ မြောက်သောလဖြစ်သည့် နတ်တော်လသည် အေးမြသောရာသီဥတုနှင့်အတူ မြူနှင်းများကျလေ့ရှိသည့် နိုဝင်ဘာ-ဒီဇင်ဘာလတွင် ကျရောက်လေ့ရှိပါသည်။ ရှေးခေတ်အချိန်များတွင် ယခုလ၏ ရာသီပွဲတော်မှာ နတ်ပူဇော်ခြင်းပွဲတော်ဖြစ်ပြီး ယင်းဓလေ့မှာ ၁၈၈၅ ခုနှစ်တွင် ကွယ်ပျောက်ခဲ့ပါသည်။ သက္ကရာဇ် ၁၉၉၄ ခုနှစ်တွင် ထူးခြားသောပွဲတော်တစ်ခု ပေါ်ပေါက်ခဲ့ပြီး ယင်းမှာ စာပေအားဂုဏ်ပြုသည့် စာဆိုတော်ပွဲဖြစ်ပါသည်။ မြန်မာ့စာပေသမိုင်းတွင် ကုန်းဘောင်ခေတ်မှ အလွန်ထင်ရှားကျော်စောသည့်စာရေးဆရာ၊ ပြဇာတ်ရေးဆရာ ဦးပုညအား ဂုဏ်ပြုသည့်နေ့တစ်နေ့ သတ်မှတ်ထားခဲ့ပြီး နတ်တော်လအတွင်း နှစ်စဉ်ကျင်းပလေ့ရှိခဲ့ပါသည်။ ယနေ့ခေတ် စာဆိုတော်ပွဲမှာ အတိတ်မှ ထိုအကြောင်းအရာများနှင့် သက်ဆိုင်မှုရှိနေပါသည်။ ထင်ရှားသောပွဲတော်တစ်ခုဖြစ်ပြီး စာဆိုတော်နေ့ဖြစ်သော နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။ ယနေ့ခေတ်တွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ နယ်ပယ်အသီးသီးမှ ဘာသာပြန်ဆရာများအား ၎င်းတို့၏ ပြောင်မြောက်ထူးချွန်မှုများအတွက် စာဆိုတော်နေ့အခမ်းအနားပွဲ၌ နိုင်ငံတော်မှ ချီးမြှင့်သည့် အမျိုးသားဆုတံဆိပ်များကို ပေးအပ်လေ့ရှိပါသည်။

 

ပြာသိုလ (ဒီဇင်ဘာ – ဇန်နဝါရီ)

မြန်မာလများတွင် (၁၀)လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်းဖြစ်ကာ အလွန်အေးသော အချိန်အခါလည်းဖြစ်ပါသည်။ ပြာသိုလသည် ရှေးယခင်က တော်ဝင်မြန်မာ့ တပ်မတော်၏ စစ်တပ်အင်အားကို ပြသသော ကာလလည်းဖြစ်သည်။ ယနေ့ခေတ်အခါတွင်မူ ပြာသိုလတွင် ဘုရားပွဲများ ကျင်းပလေ့ရှိကြသည်။ ရှေးယခင်က မြန်မာဘုရင်များသည် မြင်းခင်းသဘင်ပွဲကို လတစ်လလုံး ကျင်းပစေသည်။ မြင်းခင်သဘင်ပွဲတွင် မြင်းစီးပွဲ၊ ဓားပြိုင်ပွဲ၊ လှံပြိုင်ပွဲ၊ လေးတင်ပွဲနှင့် ဆင်ဖြင့် စီးခြင်းထိုးခြင်း အစရှိသည့် စစ်စွမ်းရည်ပြသသောပွဲများကို ထည့်သွင်းကျင်းပသောကြောင့် ရှေးခေတ်မြန်မာ့တပ်မတော်ရေးရာနှင့် သို့မဟုတ် စစ်လက်နက်များကို ခင်ကျင်းပြသသောပွဲလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲများဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအတွက် လူစွမ်းကောင်းများကို ရွေးချယ်တင်မြှောက်လေ့ ရှိကြသည်။ အချို့သော ဘုရားပွဲများကိုလည်း ပြာသိုလတွင် ကျင်းပလေ့ရှိသည်။ ထင်ရှားသော ပုဂံအာနန္ဒာဘုရားပွဲကိုလည်း ပြာသိုလတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

တပို့တွဲလ (ဇန်နဝါရီ/ဖေဖော်ဝါရီ)

တပို့တွဲလသည် မြန်မာလများတွင် (၁၁) လမြောက်သော လဖြစ်ပြီး အလွန်ချမ်းအေးသည့် ဆောင်းရာသီ၏ နောက်ဆုံးကာလဖြစ်သော ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ရှိသည်။ တပို့တွဲလသည် ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး လယ်ယာမြေများမှ ရိတ်သိမ်းရရှိလာသည့် ကောက်ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ဂျင်း စသည်တို့ဖြင့် ထမနဲကို စီမံပြုလုပ်ကြပါသည်။ ထမနဲထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ဖြစ်စေ မိသားစုဆွေမျိုးအပေါင်းအသင်းများနှင့်ဖြစ်စေ ကျင်းပဆင်နွှဲလေ့ရှိပါသည်။ မည်သို့ပင် ကျင်းပသည်ဖြစ်စေ ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ အားလုံးပေါင်းစည်းဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ စုပေါင်းပြုလုပ်သည့် ထမနဲထိုးပွဲများတွင် ကောက်ညှင်းဆန်နှင့် အခြားပါဝင်ပစ္စည်းများကို စုပေါင်းအကုန်ကျခံကြလေ့ရှိပြီး လုပ်အား စိုက်ထုတ်သူများလည်းရှိသည်။

 

တပေါင်း (ဖေဖော်ဝါရီ/မတ်)

တပေါင်းလသည် မြန်မာလများထဲတွင် (၁၂)လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလလည်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ကျရောက်လေ့ရှိသည်။အေးမြသော ဆောင်းရာသီကာလမှ နွေရာသီသို့ကူးပြောင်းသည့် အချိန်ကာလဖြစ်သည်။ ထိုကြောင့် တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ “ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း” ဟု ဆိုစမှတ်ပြုကြသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်သဖြင့် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ် လှပသာယာလှပေသည်။ တိမ်သားမိုးခိုးတို့မှာလည်း ကြည်လင်လှပသော ကောင်းကင်တခွင် ရွေ့လျားလျက်ရှိပြီး မြစ်ချောင်းများသည်လည်း ကြည်လင်လှပစွာ ဖြည်းဖြည်းညင်းညင်း စီးဆင်းလေ့ရှိကြသည်။ ထို့ကြောင့် ကဗျာစာဆိုများမှ တပေါင်းလ၏ သာယာလှပပုံကို ဖွဲ့နွဲ့ရေးဆိုလေ့ရှိကြခြင်း ဖြစ်သည်။ တပေါင်းလအတွင်း မြစ်ချောင်းများ ရေစစ်ကာ သဲသောင်ဖြူဖြူလေးများ ပေါ်ထွန်းလာလေ့ရှိသည်။ ရှေးမြန်မာဘုရင်များလက်ထက်တွင် သာယာလှပသည့် ဤရာသီအတွင်း ပေါ်ထွန်းလာလေ့ရှိသည့် သဲသောင်ပြင်များပေါ်သို့ နောက်လိုက်အခြံအရံများနှင့် ကြွချီလေ့ရှိပြီး သောင်ခုံသဲပြင်များပေါ်တွင် သဲပုံစေတီများ တည်ထားလေ့ရှိကြသည်။ သဲပုံစေတီတည်ပွဲတော်သည် တပေါင်းလ၏ အထင်ရှားဆုံး အလေ့အထတစ်ခုဖြစ်သည်။ သဲသောင်ပြင်များမှ ရရှိသည့် သဲများကို ဝါး သို့မဟုတ် ကြိမ်ဖြင့်ပြုလုပ်ထားသည့် ပုံဖော်ပြီး တံခွန်များ၊ ပန်းများဖြင့်ကပ်လှုလေ့ရှိသည်။ ယနေ့ခေတ်ကာလတွင် သဲပုံစေတီပွဲအား ကျင်းပပြုလုပ်မှု လျော့နည်းလာပြီဖြစ်သည်။ တပေါင်းလအတွင်း ထူးခြားသည့်အချက်မှာ အထင်ရှားဆုံး ဘုရားပွဲများအား (ဥပမာ- ရွှေတိဂုံ ဘုရားပွဲ) ယခုလအတွင်း ကျင်းပခြင်းဖြစ်သည်။

ကိုးကားချက်။ ။ YCDC Website

Please follow and like us: